ပန်းဆိုးတန်း-ဒလ ကူးတို့ခရီးလမ်း၊ ချယ်ရီ(၁) ရေယာဉ်ပေါ်မှ ရေထဲသို့ ပြုတ်ကျခဲ့သည့် ခရီးသွား ပြည်သူတစ်ဦး၏ အသက်ကို သက်စွန့်ဆံဖျား ကယ်တင်ပေးခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းမှ "ချယ်ရီ-၁" ရေယာဉ်သည် (၁၈.၂.၂၀၂၀) ရက်နေ့ (၁၀:၂၀)နာရီအချိန်တွင် ဒလဆိပ်ကမ်းမှ ထွက်ခွာနေစဉ် ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်တစ်ဦး ဆိပ်ခံဘောသို့ ပြန်လည် ခုန်တက်ခဲ့ရာ ဟန်ချက်ပျက်ပြီး ရေထဲသို့ ပြုတ်ကျသွားခဲ့သည့်ဖြစ်စဉ်တွင် ခရီးသွားပြည်သူတစ်ဦး၏ အသက်ကို သက်စွန့်ဆံဖျား ကယ်တင်ပေးခဲ့သည့် "ချယ်ရီ(၁)" ရေယာဉ်မှ ရေယာဉ်မှူး(ရေယာဉ်အုပ်-၃) ဦးမြင့်အေး၊  သင်္ဘောသား ဦးမျိုးအောင်နှင့် အကူလုပ်သား ဦးအောင်အောင် တို့အား ဂုဏ်ပြုပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်)၊ ကွပ်ကဲခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ ၂၈ ရက် နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ အထွေထွေမန်နေဂျာ ဦးသီလသိမ်း နှင့် ဌာနမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဂုဏ်ပြုခံ ဝန်ထမ်း များ၊ ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဦးဆောင်ညွှန်ကြားရေးမှူးက ဂုဏ်ပြုစကားပြောကြားပါသည်။ ဆက်လက်ပြီး ဂုဏ်ပြုခံ ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ထူးဆုငွေများကို ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ ဒုတိယအထွေထွေမန်နေဂျာ (အင်္ဂျင်နီယာ) နှင့် Jade Khin Tun Co., Ltd ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးခင်ထွန်း တို့က ပေးအပ်ချီးမြင့်ကြပါသည်။ ထို့နောက် ဂုဏ်ပြုခံ ဝန်ထမ်းများကိုယ်စား "ချယ်ရီ(၁)" ရေယာဉ်မှ ရေယာဉ်မှူး(ရေယာဉ်အုပ်-၃) ဦးမြင့်အေး က ကျေးဇူးတင်စကား ပြောကြားပြီး၊ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနား ပြီးဆုံးခဲ့ပါသည်။